Sunday, 25 August 2013

အလွမ်းများနဲ့ လူ.....



ရေခဲစိမ်အသားတွေ စားပြီး
အေးစက်စက် မျက်နှာထားတွေ ကြားမှာ
ကျင်လည်တာ ကြာလာခဲ့သမျှ
ငါ... ကိုယ်တိုင်လဲ
အေးစက်စက် နေတတ်ခဲ့ပြီ...........။
ဘဝမှာ ခံနိုင်ရည်ရဖို့
ဒဏ်ရာတို့ကိုလည်း မြတ်နိုးတတ်ခဲ့ပြီ
ဘဝမှာ အောင်မြင်မှု ရဖို့
အချိန်တို့ကိုလည်း တန်ဖိုးထားတတ်ခဲ့ပြီ....။
မြန်မာပြည် နေစဉ်တုန်းက
မင်း.. နိုင်ငံခြားသွား
ဘာလုပ်စားမလဲလို့ မေးကြတိုင်း
ခိုင်းတာလုပ် ကြွေးတာစား
သေချာပြောလို့မှ မရတဲ့ဘဝတွေကြားမှာ
အရှက်တရားဆိုတာ ဘေးချိတ်ထားလို့
မာနဆိုတာလည်း အောက်ဆုံးရအောင် ချထားတယ်.....။
အနေကြာခဲ့တာ လေး ငါး နှစ်
မြန်မာပြည်ပြန်မယ် ပြောဖြစ်မှ
အရင်မေးခွန်းဟောင်း ထပ်ကြလာတယ်
မြန်မာပြည် ပြန်သွား
မင်း... ဘာလုပ်စားမလဲတဲ့......။
သူငယ်ချင်းရေ
ကိုယ်ပိုင်အလုပ် ကိုယ်တိုင်လုပ်လို့
ပိုက်ဆံရဖို့ အားထုတ်ချင်တယ်
သေချင်လဲသေ ငါ့မွေးမြေမှာပေါ့.....။
နံနက်ခင်းတိုင်းမှာ ဆိုရင်လဲ
ရွာဦးကျောင်းက ဆွမ်းလောင်းခွင့် အမြဲပေးတဲ့
ဦးဇဉ်း လေးလဲ အိုပြီ
ခရီးထွက်လာ ကာစမှာ
နုပျိုနေကြတဲ့ အမိ အဖ ဆိုတာလည်း
ဇရာရဲ့ ဆွဲအချမှာ
အရွယ်တွေ ကြနေကြပြီလေ
ပလီပလာ တီတီတာတာနဲ့
ငါ့ ပတ်ဝန်းကျင်က ကလေးတွေများ
ခုဆို ငါ့ကို မေ့နေမလားပေါ့......။
ဆိုက်ကားဆရာ တစ်ယောက်က
တရားပွဲ အတွက် အလှူဒါနအဖြစ်
ခေါက်တုံ့ခေါက်ပြန် ဆွဲရစ်နေတယ်ဆိုတာ ဖတ်ရတိုင်း
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
taxi သမားတစ်ယောက်က
သံဃာတော်များအတွက် သီးသန့်အဖြစ်
ကုသိုလ်ပြုရစ်နေကြတယ် ဆိုတိုင်းလဲ
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
စားသောက်ဆိုင် အများက
သံဃာတော် များအတွက် အခမဲ့
ဆွမ်းလှူသွားတာတွေ ဖတ်ရတိုင်းလဲ
ငါ အားကျ ဂုဏ်ယူတတ်ခဲ့တာ
ဆံသ သမားတစ်ယောက်က
မိဘမဲ့ ကလေးကျောင်းကိုသွား
အခမဲ့ ဆံသပေးကြတယ် ကြားတိုင်းလဲ
ငါ အားကျ ဂုဏ်ယူ တတ်ခဲ့တာ.......။
ဒီမှာဖွဲ့တဲ့ ငါတို့ ပရဟိတ အသင်းဆိုတာ
ငွေကြေးနဲ့ ကူညီယုံမှတပါး
ဘာများပို လုပ်နိုင်ကြမှာလဲ....?
သူတပါးအလုပ်မှာ အချိန်ပြည့်
နေရောင်ဆိုတာ ရှာမတွေ့ ခဲ့တာကြာလာသမျှ
အပူလှိုင်းနဲ့
မုန်တိုင်းတွေကို လွမ်းနေမိတာ ငါပါ......။

ညီညီ(မြန်အောင်)

No comments:

Post a Comment