သြော်---မြန်မာနန်းပလ္လင် ခွေးဘုရင်တက်စဉ်က
ရာဇ၀င်သမိုင်းတွင် လျှမ်းအစဉ်တင့်စေဖို့
တောင်တွင်းခရိုင် နတ်မောက်မြို့မှာပေါ့
သခင့်ကိုတော့ သန္ဓေတည်ပြီ
ငါတို့ဌာနီ လွတ်မြောက်ပြီဟု
နိမိတ်ဝါစီ စာဆိုရှိတာဖြင့်
ထန်းကိုပ မိုးကြိုးခွင်းမည်
တစ်ကိုးတစ်ငါး ဖေဖော်ဝါရီ
တေရသာဟာ ရက်အလီပွါး
အာရုဏသမယေ နဂါးစနေ မှာ ဖွါးပြီမို့
အမည်နာမံ ရုဠှီကြံလိုက်တာဖြင့်
တဘောင်ဆန်ဆန် နိမိတ်မှန်ဖတ်သည့်ပမာ
မသာကုလားဖြူ အယုတ်တမာတွေ တွန်းလှန်စေဖို့
မျောက်သဏ္ဍာန်တူ အင်္ဂလိပ်မျက်နှာဖြူကို မောင်းထုတ်စေဖို့
ငါတို့ပြည်မြန်မာ လွတ်လပ်ရေးကို ရစေဖို့
အမှောင် အပိတ် အပိန်းတွေ ဖယ်တိန်းစေဖို့
ထိန်လင်းဆိုသည့် သခင်တစ်ယောက်
တို့ပြည်မှာ ပေါက်ဖွားခဲ့ပြီလေ ။
သြော်---မျိုးဇာတ်နွယ်မြစ် ဂုဏ်သင်းကာ သန့်ရှင်းပေသည့်
အတီတကာလ ကို စာစီကာပြရရင်ဖြင့်
တတိယမြန်မာ အလောင်းမင်းတရားရွှေလက်ထက်ပါပေါ့
အလွန်ညာဏ်ကျော့တဲ့ အမတ်မင်းကြီး ဦးမြ ကတစ်သွယ်
ဘ၀ရှင်မင်းတုန်း ရတနာပုံနန်းကို ခိုလှုံကာ တရားပြချိန်က
သက်တော်ရှည်အမတ် ခမ်းပတ်မင်းကြီးက တမျှော်
နန်းတွင်းသမားတော် ဦးကျော်ဇံ ရယ်တို့
ထိုမြို့ထိုမြို့က ဆင်းသက်လာပြီး
မျိုးချစ်သူရဲကောင်း ဗိုလ်လရောင်ထိ
ဇာတိမာန်ပြည်ချစ် သူရသတ္တိနှင့် ကုံလုံသော
ဘ ဘိုး ဘေးတို့ပေါပါဘိသဟာ
ရှေ့နေဦးဖာ မယ်မာတာ ဒေါ်စု
သည်ရင်နှစ်ခု ပေါင်းစုပြီး ထုဆစ်လိုက်တာက
ဇမ္ဗူတစ်ခွင် စာတင်မှတ်ဖို့ကွယ်
ထိန်လင်း သို့မဟုတ် အောင်ဆန်းရယ်ဟု
မြန်မာ့ဗိသုကာ ပြဇာတ်
ပတ္တမြားထက် အက္ခရာထွင်းခဲ့လေပြီ ။
သြော်---ငါတို့သခင် အရင်းမြစ်တွေမို့
ပြန်ပြောင်းတွေးလျှင် ရင်ထုမနာ ဖြစ်ရပြီတမုံ့
ဟို -အယုတ်တမာ ခွေးနာ ဂဠုန်ရယ်က
ကိုယ့်ဗမာ ကိုယ့်မြန်မာကို မသနားပေဘု
သခင်တို့တစ်စု အရေးမရှုသည့်
အဲသည် အာဏာဆိုသည့် အလကားအရာကို
ဘုရားလိုလို နတ်လိုလို ထိပ်ပေါ်တင်ကိုးကွယ်ပြီး
ပြည်သူများရဲ့ ချစ်သခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပေါ်ကိုကွယ်
ကောက်ကြံမယ် အသားထဲရယ်က လောက်ထွက်ကာဖြင့်
အာဏာရစ် ရစ်ကာ အာဏာရူး ရူးနေပြီမို့
မိစ္ဆာကုလားဖြူ မိစ္ဆာလူတို့နဲ့ပေါင်းဖက်ကာပေါ့
အောင်ဆန်းရာဇာနှင့်
ဗိုလ်ချုပ်အပေါင်းအပါ အာဇာနည်ပုဂ္ဂိုလ်တို့ကို
မရဏတောကို အသာတမျှော် ပို့လိုက်သဟာ
ပြည်သူများမှာ မျက်ရည်မဆည်နိုင်ပါဘု
ဝေဒနာများစွာ စိတ်ဖီစီးကာဖြင့်
တစ်ကမ္ဘာလုံးပါ ဖိန့်ဖိန့်တုန်သွားတဲ့ လုပ်ကြံမှုရယ်
( အိုကွယ်) ပြည်သူများမှာ ရင်ကွဲရတယ် ။
ဇမ္ဗူတစ်ခွင် ပြဲပြဲစင်အောင် ရှာကြည့်ပါတော့
သခင်လိုလူ တွေ့ပါမည်လား
(၁၃) နှစ်တာ နှစ်အပ္ပကာ အတွင်းမှာ ထွေး
ပြည်မြန်မာဘေး ကယ်တင်ရေးသာ ဦးစားပေးခဲ့
သြော်---မသမာသူဘေး သခင်ဝေးအောင် မရှောင်ပုန်းခဲ့လို့
အရိုင်းစံသူ ခြစားသူ ယုတ်မာမှုတွေကြောင့်
မရဏတောကို အချိန်စောစွာ မြန်းရပေမယ့်
ပြည်မြန်မာလူထု ဒီဇမ္ဗူ့ရင်ခွင်ထဲမှာ
သခင်ရာဇာ အောင်ဆန်းပါဟု
မြန်မာ့ဗိသုကာ ဘယ်အခါမှ မပျောက်ပြီ
ဟောဒီကမ္ဘာ ပျက်ကာလည်း မသေပြီ
ရဲရဲတောက်ခဲ့တဲ့ တို့အာဇာနည်မှန်း
အကျွန်လွမ်း ရည်မှန်းလို့ နှလုံးမှာသွင်း
လွမ်းရင်းဆွေးကာ တမ်းရပြီကွယ်
( အမယ်မင်း) ရင်ထဲမှာ ငိုကာရယ်နော်
အက္ခရာတွေ အမျိုးမျိုးသုံးသော်လည်း
မဆုံးသေးတဲ့ သခင့်ဂုဏ်ရည်မှာဖြင့်
ရေးထုံးနှင့် မကုန်ခမ်းနိုင်ရှာတဲ့
သခင့်ရဲ့ ဂုဏ်ရည်သဘော-------------။ ။
လေးစားစွာဖြင့်---မိန်နွေ--9/1/2012
0 comments:
Post a Comment