သူငယ်ချင်းကောင်း ယောင်းမတို့လေ……။
ပြောပါရလို ဆိုပါရလျှင်
တို့မွေးမိခင် နိုင်ငံတည့်မူ
မြန်မာဟူကား လူအများတို့
မှီခိုနေထိုင်ကြရာတဲ့……။
မြောက်ဖျားပိုင်းသို့ ကြည့်မျှော်ပို့လျှင်
ရွှေကချင်၊ချင်း ညီနောင်ရင်းတို့
အေးချမ်းဖို့ရည် တောင်းဆုသီထား
ညီစွာစည်းလုံးဖို့ရာတဲ့……။
နောက်ကိုပင်တည့် လှည့်ကာကြည့်လျှင်
ဗုဒ္ဓနယ်ပိုင် ရွှေရခိုင်များ
ဒုက္ခကြားဝယ် မျက်နှာငယ်၏
စာနာကူညီကြပါတဲ့……။
တောင်ဘက်သို့ရည် လွမ်းတေးသီသော်
ရွှေထားဝယ်သား ညီနောင်များတို့
နောင်ရေးရှုကြည့် ရင်လေးမိသည်
စဉ်းစားဆင်ခြင်ကြပါတဲ့……။
ကကြိုးကကွက် စည်းချက်ညီညီ
တေးသီခဲ့သော မြန်ပြည်တကြောမှာ
ကျည်ဆံမိုးရွာ ရှုနိုင်ပါဘု
မြန်စွာအေးချမ်းပါစေတဲ့……။
သင့်မြတ်သည့်ရှေ့ ထိုမည်သောနေ့ဝယ်
မြန်မာဟုမည်သော ငါတို့ရွှေနိုင်ငံသည်
ကိန္နရီထိုကကြိုး ပြန်ကာဖြင့်စိုးမိုးလိမ့်
တွေးကာဖြင့်ရှု၍မျှော် ငေးမိတိုင်းလှိုက်၍ပျော်သည်
တို့မြန်မာပြည်အရေးသာလှပေါ့လေး………။
သက်ပျိုး(ထားဝယ်)
0 comments:
Post a Comment